r/Myanmarcombatfootage • u/MambiBirmano • 3h ago
Myanmar Military/Police The Junta expects people to believe that 52 PDF fighters, including Cobra Column members, surrendered to the military. Meanwhile the firearms displayed as ‘proof’ include FGC-9s which have not been used en masse for 4 years
ကော်ဘရာစစ်ကြောင်းအပါ PDF ၅၂ယောက် အလင်းဝင်လို့ လော်ဘီတွေဝါဒဖြန့်ပေမယ့် မှန်ကန်မှုမရှိလို့ မြေပြင်ရဲဘော်တွေ တုံ့ပြန်
BBM-အောက်တိုဘာ၂၄
သတင်း-မင်းသော်
ကရင်ပြည်နယ်အတွင်းရှိ ကော်ဘရာစစ်ကြောင်းအပါအဝင် အခြားစစ်ကြောင်းတွေမှ PDF စုစု ပေါင်း (၅၂)ယောက်အထိ စစ်တပ်ထံ လက်နက်ချအလင်းဝင်လာတယ်လို့ စစ်လော်ဘီတွေက ဝါဒဖြန့်နေပေမဲ့ မြေပြင်ရဲဘော်တွေနဲ့ သတင်းရင်းမြစ် တွေက အဆိုပါသတင်းမှန်ကန်မှုမရှိဘူးလို့ တုံ့ပြန်ထားကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က စစ် ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း အလင်းဝင်လာခဲ့တဲ့ PDF အမျိုးသား(၄၇) ယောက်နဲ့ အမျိုးသမီး (၅)ယောက် တို့ဟာ သေနတ်မျိုးစုံ ၂၃ လက်၊ ကျည်မျိုးစုံ ၂၀၇ တောင့်တို့ ယူလာပြီး စစ်တပ်ထံ အလင်းဝင်လာခဲ့တယ်လို့ စစ်လော်ဘီတွေက ဝါဒဖြန့်မှုပြုလုပ်ခဲ့ကြပါတယ်။
အလင်းဝင်လာသူ PDF (၅၂)ယောက်အတွင်း ကော်ဘရာစစ်ကြောင်းမှ အလင်းဝင်လာသူ (၂၅)ယောက်ထိရှိတယ်လို့ စစ်လော်ဘီတွေက ဆိုထားပြီး ဗိုလ်ကြီးအဆင့်ရှိသူတစ်ယောက် ဦးဆောင်ကာ တပ်ခွဲတစ်ခွဲလုံးအလင်းဝင်လာခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဆိုပါသတင်းနဲ့ပတ်သတ်ပြီး ကော်ဘရာစစ် ကြောင်းမှ ရဲဘော်တစ်ယောက်က အဆိုပါဖြစ်စဥ်မျိုးမရှိကြောင်း တုံ့ပြန်ထားသလို အလင်းဝင် လာတဲ့သူပါဆိုပြီး စစ်လော်ဘီတွေ ဝါဒဖြန့်နေတဲ့သူတွေကိုလည်း မသိရှိကြောင်း တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် နောက်ထပ်မြေပြင်သတင်းရင်းမြစ်တစ် ယောက်ကလည်း ကော်ဘရာစစ်ကြောင်းမှ အ လင်းဝင်လာတယ်ဆိုပြီး အင်တာဗျူးထဲ ထည့်ဖြေသွားတဲ့ ဗိုလ်စောထူးဆိုတဲ့နာမည်ဟာ ကော်ဘရာစစ်ကြောင်းနဲ့ PDF တွေအတွင်းရှိမနေဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့မှာတော့ အဆိုပါနာမည်နဲ့ အရာရှိတစ်ယောက်ရှိသလို အခုရက်ပိုင်းအတွင်း BGF မှ စစ်တပ်ထံ အပြီးပြောင်းသွားသူတွေလည်း ရှိတာမို့ အဆိုပါလူတွေကို PDF တွေအလင်းဝင်လာတဲ့ပုံစံမျိုးဖြင့် ဝါဒဖြန့်နေတာမျိုးဖြစ်နိုင်တယ်လို့ BBM ကိုပြောပါတယ်။
"ကော်ဘရာကနေ အလင်းဝင်သွားတယ်ဆိုတာ မကြားမိပါဘူး၊ အင်တာဗျူးထဲပြောသွားတဲ့ စောထူးဆိုတဲ့နာမည်က BGF ထဲမှာတော့ ရှိတယ်၊ ခုရက်ပိုင်းအတွင်း အဲ့ကနေ စစ်တပ်ဘက်ကိုအပြီးပြောင်းသွားသူတွေလည်းရှိတော့ အဲ့ကောင်တွေခေါ်သုံးပြီး ရုပ်ရှင်ရိုက်ပြတာဖြစ်နိုင်တယ်၊ PDF ထဲမှာတော့ မရှိဘူး၊ စိတ်ဓာတ်စစ်ဆေးအရေးအပြင် သူတို့အဘတွေ သူတို့ကိုထောင်းတာသက်သာအောင် သတင်းလိမ်ပြီး ထုတ်ပြန်တာဖြစ်မယ်"
နောက်ထပ်လည်း ကော်ဘရာစစ် ကြောင်းမှ ရဲဘော်တွေသာမက ကော်ဘရာစစ်ကြောင်းနဲ့ မြေပြင်မှာ အတူစစ်တိုက်နေတဲ့ PDF ရဲဘော်တွေ၊ ထောက်ပို့ရဲဘော်တွေကလည်း အလင်းဝင်သွားပါတယ်ဆိုတဲ့ အဆိုပါသူတွေကို မသိရှိကြောင်း အခိုင်အမာဆိုထားကြပါတယ်။
စစ်ကောင်စီဟာ အခုနောက်ပိုင်း PDF တွေသာမက တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါ ၎င်းတို့ထံ အလင်းဝင်ရောက်မှုတွေရှိတယ်လို့ မကြာခဏ ထုတ်ပြန်လေ့ရှိနေပြီး ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေးအရ စစ်ကောင်စီဘက်က ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
Photo-စစ်လော်ဘီ
